လူကြိုက်များသော စာပေများ

Friday, November 2, 2012

တို့ရွာကျောင်းရဲ့ပွဲတော်များ(၃)



 
ကထိန်ခင်းပုံ
ရွာမကျောင်းတိုက်၏ကထိန်လျှာသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကြီးကို တို့ရွာကျောင်းရဲ့ပွဲတော်များ(၃)အဖြစ်စီစဉ်ဖော်ပြလိုက်ပါသည်။ဒါနကောင်းမှု့သည် သီလအမှု့ဘာဝနာအမှု့တို့လောက်မခက်ခဲပေမယ့်စစ်မှန်သော ဒါနအမှု့ကိုပြုကျင့်ဖို့ကတော့ခက်ခဲနေပါလိမ့်မည်။စစ်မှန်သောဒါနသည် လိုချင်မှု့လောဘကိုပယ်စွန့်ပြီးမှ ဖြစ်ပေါ်လာသောကြောင့် သာမာန်လူတွေအဖို့ကတော့ ခက်ခဲနေပါလိမ့်မည်။ပါရမီရှိပြီးမြင့်မြတ်တဲ့သူတွေသာလျင်စစ်မှန်သော ဒါနအမှု့ကိုပြုလုပ်နိုင်ကြ ပါမည်။ စစ်မှန်သောဒါနအမှု့ကိုပြုလုပ်နိုင်ကြရင်တောင်မှ ကထိန်အလှူဒါနကိုပြုလုပ်ဖို့အလွန်ပင်ခက်ခဲနေပါလိမ့်မည်။ အဘယ်ကြောင့်နည်းဆိုသော်(သင်္ကန်းမှာကထိန်၊ကျောင်းမှာသိမ်) ဟူသောမြန်မာစကားပုံအတိုင်းကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အလှူတွေအားလုံးထဲမှာ
  အမြင့်မြတ်ဆုံးအလှူတစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။အမြင့်မြတ်ဆုံးအလှူတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ကထိန်လျှာသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကြီးကို ဒဂုံတောင်ပိုင်းမြို့နယ၊် အမှတ်(၂၆)ရပ်ကွက်၊ ရွာမကျောင်းတိုက်ကြီး၌နှစ်စဉ်နှစ်တိုင်း တန်းဆောင်မုန်းလ္ဆန်း(၁၃)ရက်နေ့မှာ စီစဉ်ကျင်းပလျှက်ရှိပါသည်။
ကျောင်းတိုက်ကြီး၌ကျင်းပလျက်ရှိသောပွဲတော်များအားလုံးထဲတွင် ဤကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကြီးသည်ရှေးအကျဆုံးနှင့် အစည်ကားဆုံး ပွဲတော်တစ်ခုလည်းဖြစ်သည်။ စတင်ကျင်းပခဲ့သောာနှစ်မှာ (၁၂၆၀) ခုနှစ်ကဖြစ်သည်။ ယင်းကိုမှတ်သားရလွယ်ကူစေရန်(ဥက္ကံသံတင်း၊ကထိန်ခင်း)ဟု ဆိုရိုးပြုကာပြောဆိုလျက်ပင်ရှိပါသည်။ယခင်ကျောင်းထိုင်ဆရာတော် အဆက်ဆက်တို့၏ လက်ထက်  တိုးချောင်ကလေးကျေးရွာ အနေနှင့်ရှိစဉ်ကတည်းက စီစဉ်ကျင်းပလာခဲ့သော ဤကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကြီးသည် (၁၃၇၄) ခုနှစ်၊တန်းဆောင်မုန်းလ္ဆန်း(၁၃)ရက်နေ့ဆိုလျင်(၁၁၄)ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။နှစ်တစ်ရာပြည့်ကထိန်ပွဲတော်ကြီးကိုလည်းအထူးစည်ကားစွာ ကျင်းပနိုင်ခဲ့ကြပြီဖြစ်သည်။ကျင်းပလာခဲ့သည်မှာကြာပြီဖြစ်သော်လည်း ယုတ်လျော့သွားခြင်းမရှိပဲအထူးစည်ကားလျက်စည်ကားမြဲပင်
 ဖြစ်ပါသည်။ရှေးတုန်းကပင်စည်ကားသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ရွာမကျောင်းတိုက်ကြီးသည်ငမိုးရိပ်ချောင်းဆုံ ပ၀ါရဏာဂိုဏ်းဝင်ဖြစ်သည့်အလျှောက် ဂိုဏ်းအတွင်းပါဝင်ကြသောကျောင်းတိုက်အသီးသီးမှသံဃာတော်များသည် ကထိန်ပွဲတော်ကိုတန်းဆောင်မုန်းလ္ဆန်း(၁၂)ရက်ကတည်းက ညအိပ်ကြွရောက်ကြသည်။ သံဃာတော်များညအိပ်ကြွရောက်ကြသည့်အခါနောက်ပါ တပည့်ဒကာဒကာမများလည်းအတူလိုက်ပါလာကြသည်။ရှေးတုန်းက လမ်းပမ်းဆက်သွယ်ရေးခက်ခဲ့ခြင်း၊ဘတ်(စ်)ကာများမရှိခြင်းတို့ကြောင့် သံဃာတော်များသည်သူတို့၏ကပ္ပိယ ဒကာဒကာမတို့နှင့်အတူ လှေကြီးလှေငယ်တို့ဖြင့် အသီးသီးကြွရောက်ကြသည့်အတွက်အလွန်ပင်ကြည်နူးဖွယ် ဂုဏ်ယူဖွယ်ကောင်းသော ပွဲတော်တစ်ခုလည်းဖြစ်သည်။
ကျေးရွာသူကျေးရွာသားတို့သည်လည်းသူတို့ကျေးရွာကျောင်းတိုက်ကြီး၏ ဘုံကထိန်ပွဲတော်ကြီးကိုအထူးပင်ဂုဏ်ယူတတ်ကြသည်။ ကြွရောက်တော်မူလာကြသောသံဃာတော်များတပည့်ဒကာဒကာမများကိုလည်း ဧည့်ဝတ်ကြည်ဖြူကာပေးလှူကြသည့်အတွက် ထိုခေတ် ထိုအခါကပင် ရွာနီးချုပ်စပ် အလွန်ထင်ရှားသောပွဲတော်တစ်ခုလည်းဖြစ်သည်။ကထိန်နီးပြီဟေ့ဆိုလျင် ကထိန်မှာလှူဒါန်းကြမည့် ပစ္စည်းတွေကို ရှာကြဖွယ်ကြ စုဆောင်းကြနှင့်မမော မပမ်းနိုင်အောင်ဖြစ်သည်။ကထိန်ရောက်ရင်ဧည့်သည်တွေကိုဘယ်လိုကျွေးမည်၊ သံဃာတော်အရှင်သူမြတ်တွေကိုဘယ်လိုလှူဒါန်းမည်စသဖြင့် ကထိန်မရောက်မီကတည်းကပုဗ္ဗစေတနာပွါးလျက်ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ကာလသားလူငယ်မောင်မယ်တို့သည်လည်း ကထိန်ရောက်တော့မည်ဆိုလျင် ကထိန်မှာ အကောင်းဆုံးဝတ်စားဆင်ယင်နိုင်အောင် အ၀တ်အစားတွေကို အပြိုင်အဆိုင် ချုပ်ကြ ၀တ်ကြသည်။ပဒေသာပင်တွေကိုလည်း သူ့ထက်ငါသာအောင်သူများနှင့်မတူအောင်အပြိုင်အဆိုင်ပြုလုပ်ကြသော ပွဲတော်တစ်ခုလည်းဖြစ်သည်။
တစ်နှစ်မှာတစ်လ၊တစ်မှာ တစ်ရက်သာလျင် ကျင်းပခွင့်ရသော ထိုကထိန်ပွဲတော်ကြီး၏ ကျင်းပပုံမှာလည်းထူးခြားလျက်ပင်ရှိပါသည်။အဘယ်ကြောင့်နည်းဆိုသော် ဒကာတစ်ဦးတည်းခင်းခွင့်မရ စုပေါင်း၍သာ ခင်းကြရသည့်အတွက် ဖြစ်သည်။ထိုပြင် သံဃာတော်များကိုလည်းသီးခြားကြိုက်ရာပင့်ခွင့်မရမဲနှိုက်၍ကျသော သံဃာတော်များကိုသာလျှင် ပင့်ခွင့်ရသည့်အတွက်ကြောင့်လည်းဖြစ်သည်။နောက်ထူးခြားချက်တစ်ခုမှာ သံဃာတော်များသည်မိမိတို့ကိုယ်တိုင်မဲနှိပ်ပြီး၊မိမိတို့နှင့်ထိုက်တန်သော အလှူဝတ္ထုများကိုခံယူကြရသည်မှာလည်းဤပွဲတော်ကြီး၏ ထူးခြားမှု့တစ်ခုပင်ဖြစ်ပါသည်။
ထူးခြားမှုရှိပုံများကိုထပ်ပြီးရှင်းပြရမည်ဆိုလျင်ရွာမကျောင်းတိုက်ကြီး၏ မဟာဘုံကထိန်ပွဲတော်ကြီးသည်စုပေါင်းမဟာဘုံကထိန်ပွဲတော်ဖြစ်သည့်အတိုင်း ရပ်ကွက်သူ ရပ်ကွက်သားကျေးရွာသူကျေးရွာသားများ စုပေါင်းကျင်းပသည့် ဘုံကထိန်ပွဲတော်ကြီးဖြစ်သည်။ အလှူရှင်တစ်ဦးတစ်ယောက်တည်းဖြင့်ကျင်းပ၍ရသော ကထိန်ပွဲမျိုးမဟုတ်ပေ၊ နှစ်စဉ်နှစ်တိုင်း ကထိန်အလှူရှင်များပေါ်ပေါက်ကြသော်လည်း တစ်ဦးတည်း ဋ္ဌာနတစ်ခုတည်း အနေဖြင့် လက်ခံကျင်းပခွင့်မရှိကြောင်းကို အလှူရှင်များနားလည်အောင် ရှင်းပြကြရသည်။ အလှူရှင်များအနေဖြင့် တန်းဆောင်မုန်းလ္ဆန်း (၁၃) ရက်နေ့မှာ ကျင်းပမည့် စုပေါင်းမဟာဘုံကထိန်ပွဲတော်မှာ အများနည်းတူ စုပေါင်း၍ ကျင်းပလိုက  ကျင်းပနိုင်သည်။သို့မဟုတ်ပါက အခြား ကထိန်မခင်းရသေးသောကျောင်းတိုက်များကိုသာရှာ၍  ကထိန်ခင်းကြရမည်ရမည်ဖြစ်သည်။ဤကျောင်းတိုက်ကြီး၌သာ ကထိန်ခင်းမည်ဆိုပါကမည်သူမည်ဝါဟူ၍မျက်နှာမလိုက်ပဲ စုပေါင်းဟူသောခေါင်းစည်းရဲ့အောက်မှာပဲ ကထိန်ခင်းကြရသည်မှာဤပွဲတော်၏ ပထမထူးခြားချက်ပင်ဖြစ်သည်။
          စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးရဲ့ ပင့်သံဃာစာရင်းကိုမူ ကျေးရွာအတွင်းမှ ဆွမ်းဒကာဒကာမတို့၏ ပင့်လျှောက်ထားသော အရေအတွက်အတိုင်း လိုက်ပြီးပင့်ကြရသည်။ သံဃာတော်များ၏ ဆွမ်းကပ်ခြင်း လှူဒါန်းဖွယ်ရာများ လှူဒါန်းခြင်းကို ရပ်ကွက်အတွင်းမှ ဆွမ်းဒကာဒကာမများက အသီးအသီး တာဝန်ယူကြရသည်။ ကထိန်ပွဲကိုကြွရောက်လာကြသော သံဃာတော်များကိုကျောင်းတိုက်ကြီးအတွင်း၌ တစ်စုတစ်စည်းတည်း ဆွမ်းကပ်ခြင်းမျိုး မဟုတ်ပေ။ကျေးရွာ (ရပ်ကွက်)အတွင်းမှ ဆွမ်းဒကာဒကာမတို့သည် ကထိန်မတိုင်မီကတည်းက မိမိတို့အိမ်၌ သံဃာတော်(၁)ပါးတာဝန်ယူပါမည်ဘုရား စသဖြင့် (၁)ပါးကနေ (၃)ပါး (၅)ပါးအထိကျောင်းထိုင်ဆရာတော်ထံ စာရင်းပေးသွင်းကြရသည်။ ရရှိထားသောစာရင်းအတိုင်း ဆရာတော်မှ ပင့်သံဃာများကို ပင့်ပေးရပါသည်။ပင့်သံဃာစာရင်းကို မဲလိပ်လေးများဖြင့်လိပ်၍  လာပင့်သော ဆွမ်းဒကာဒကာမတို့ကို မဲနှိုက်စေပါသည်။ မဲနှိုက်၍ မဲကျသောသံဃာတော်များကိုသာ မိမိတို့အိမ်သို့ ပင့်၍ ဆွမ်းကပ်ရသည်၊ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြရသည်။ဤသည်ကိုပင် ဘုန်းကြီးယူသည်ဟုပြောစမှတ်ပြုကြသည်။မိမိတို့အိမ်၌ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းကပ်ခြင်းကို ဘုန်းကြီး(၁)ပါးယူသည်၊ ဘုန်းကြီး(၃)ပါးယူသည်၊ စသဖြင့်ပြောဆိုကြခြင်းသာဖြစ်သည်။ ဤသည်မှာ ဒီပွဲတော်ရဲ့ ဒုတိယ ထူးခြားမှု့ပင်ဖြစ်လေတော့၏။             
          ကထိန်ပင့်သံဃာများကို ဘယ်နှစ်ပါးပင့်မည်ဟု တိတိကျကျ သတ်မှတ်၍ကား မရပေ၊ အကြောင်းမှာ ရပ်ကွက်အတွင်းမှ လျှောက်ထားသော ဆွမ်းဒကာဒကာမ  များလေ တိုး၍တိုး၍ ပင့်ရလေပင်ဖြစ်သောကြောင့်တည်း။ ဒါကြောင့် တစ်နှစ်နှင့် တစ်နှစ် ပင့်သံဃာစာရင်း မတူညီနိုင်ခြင်းဖြစ်သည်။ ပင့်သံဃာစာရင်းမတူညီနိုင်သော်လည်း 
ပျမ်းမျှခန်းမှန်းခြေအားဖြင့်မူကားနှစ်စဉ်နှစ်တိုင်းပင်(၁၆၀)ကျော်(၁၇၀) နီးပါးလောက်ရှိသည်ဟုကားခန်းမှန်း၍ရနိုင်ပေသည်။ ကထိန်ပွဲသို့ကြွရောက်လာကြသော ပင့်သံဃာ(၁၇၀)ကျော်နီးပါးတို့ကိုလည်း  ကျောင်းတိုက်ကြီး အတွင်း၌ စာရေးတံမဲရုံ ဖွင့်လှစ်ပြီး မဲချကာ နှစ်စဉ်နှစ်တိုင်းပင် လှူဒါန်းလေ့ရှိပါသည်။ စာရေးတံမဲရုံကို ပုညကုသလသမ္ဘာရအသင်းမှ လူငယ်မောင်မယ်များက လုပ်အားဒါနများဖြင့် ၀ိုင်းဝန်းကူညီကြသည်။ ရပ်ကွက်အတွင်းမှစေတနာရှင် အလှူဒကာ အလှူအမများကလည်း မိမိတို့ကျေးရွာကျောင်းဘုံကထိန်ပွဲတော်၌  ဗလာမဲများမရှိရလေအောင် အားတက်သရော လာရောက်ပြီး မဲရုံ၌ မဲဆွဲလှူဒါန်းလေ့ရှိကြသည်။ မဲများချိတ်ဆွဲလှူဒါန်းသည့်အခါ မှာလည်း ငါးထောင်ကနေ တစ်သိန်းနှစ်သိန်း ထိအောင် ချိတ်ဆွဲလှူဒါန်းလေ့ရှိကြသည်။ တချို့အလှူရှင်များဆိုလျှင် အလှူငွေကိုသာမက သင်္ကန်း ထီး ဖိနပ် စောင် ဓာတ်ဗူး စသော အသုံးအဆောင်များကိုပါ စေတနာထက်သန်စွာနှင့် လာရောက်ပြီးလှူဒါန်းလေ့ ရှိကြသည်။ နှစ်စဉ်နှစ်တိုင်းလိုပင် စာရေးတံမဲရုံ၏ အလှူငွေနှင့် ပစ္စည်းဝတ္ထု စုစုပေါင်းတန်ဖိုးမှာ ကာလတန်ကြေး သိန်းနှစ်ရာဝန်ကျင်မှာရှိသည်။ ၎င်းပစ္စည်းနှင့် ၀တ္ထုငွေများကို ကထိန်ပွဲသို့ ကြွရောက်ကြသော သံဃာတော်အရှင်သူမြတ်တို့အား မဲများနှိုက်စေ၍ မဲကျသော လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းကြလေသည်။ သံဃာတော်အရှင်သူမြတ်တို့သည်လည်း မိမိတို့ထိုက်တန်စွာ မဲပေါက်ရရှိသော ပစ္စည်းနှင့် ၀တ္ထုငွေများကို အလှူခံကာ မိမိတို့၏  ကျောင်းတိုက်အသီးသီးသို့ပြန်လည်ကြွချီတော်မူကြသည်မှာ ဤပွဲတော်၏ တတိယထူးခြားမှု့ပင် ဖြစ်ပါသည်။
          ဤစုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီး၌  ပျော်ပွဲရွင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြသည်။ ကထိန်ပွဲတော်ရဲ့ အကြို့ ( ၁၂)ရက်နေ့မှာ ရပ်ကွက် (ကျေးရွာ)အတွင်း လမ်းအသီးသီးမှ ပဒေသာပင်တို့ကို ညနေပိုင်းအချိန်၌  စီတန်းလှည့်လည်ပွဲကိုလည်းပျော်ရွင်စွာ ဆင်နွဲကြသည်။ အဲဒီပဒေသာပင် လှည့်လည်ပွဲ၌ မိမိတို့လမ်းအလိုက် အပြိုင်အဆိုင် တီးဝိုင်းများ ဒိုးပတ်ဝိုင်းများဆောင်းဘောက်များနှင့်သာမက ဆင်အက ကျွဲအက တို့နှင့်ပါ စီတန်းစွာလှည့်လည်ကြသည်မှာ အလွန်ပင် စည်ကားလှပေသည်။ ညပိုင်းရောက်သောအခါမှာလည်း  ဇာတ်- အငြိမ့်- ဆိုင်း    တစ်ခုခုကိုနှစ်စဉ်နှစ်တိုင်းပင် ထည့်သွင်းပြီးဖျော်ဖြေလေ့ရှိသည်။ကျေးရွာသူကျေးရွာသားတို့သည် ဆိုင်းကြိုက်ကြသည့်အလျောက်များသောအားဖြင့် ဆိုင်းဝိုင်းများနှင့်ဖျော်ဖြေလေ့ရှိသောနှစ်ကများပေသည်။ကျောင်းဝိုင်းအတွင်း၌  မတီးဘူးသောဆိုင်းဝိုင်းဟူ၍မရှိသလောက် အောင်ပင်ဖြစ်သည်။                                                                                                                                 ကျွေးမွေးဧည့်ခံမှုအနေနဲ့ပြောရမယ်ဆိုလျှင် ညအိပ်ကြွရောက်ကြသော သံဃာအရှင်မြတ်များနှင့် တပည့်ဒကာဒကာမ တို့အား (ဦးအောင်ခင်+ဒေါ်သန်း)တို့၏သားသ္မီးတစ်စုက အာရုံဆွမ်းကို နှစ်စဉ်နှစ်တိုင်းလိုပင် ဆက်ကပ်လှူဒါန်းလေ့ရှိသည်။နေ့ဆွမ်းကိုမူကားရပ်ကွက်အတွင်းရှိ မဲကျသောဆွမ်းဒကာဆွမ်းအမတို့၏နေအိမ်အသီးသီးသို့ကြွရောက် ဘုဉ်းပေးကြရလေသည်။အလှူပွဲကိုလာရောက်ကြသည့်ဧည့်ပရိတ်သတ်များကိုတော့ (ဦးသောင်း+ဒေါ်ဘုတ်ဆုံ)မိသားတစ်စုတို့က နှစ်စဉ်နှစ်တိုင်းလိုပင် ကျွေးမွေးဧည့်ခံလေ့ ရှိကြသည်။(အလှူရှင်များမှာစာရေးသူသိမှီသလောက်သာတင်ပြ ထားပါသည်)။ယခင်ကျောင်းထိုင်ဆရာတော်ဆရာတော်ဦးဝါယမ၏
 ဆွေတော်မျိုးတော်များကလည်းကထိန်ပွဲသို့ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်တို့အား အချိုပွဲများရေခဲမုန့်များနှင့် နှစ်စဉ်နှစ်တိုင်းပင် ဆက်ကပ်လှူဒါန်းလေ့ရှိကြသည်။ကျေးရွာသူကျေးရွာသားတို့သည် တစ်နယ်တစ်ကျေးမှာသွားရောက်နေထိုင်ကြရသော်လည်း ကထိန်ပွဲတော်ရောက်ပြီးဆိုလျှင်တော့မိမိတို့ကျေးရွာကထိန်ပွဲကို အဝေးတစ်နေရာကရောက်ရှိလာကြပြီးနွှဲပျော်လေ့ရှိကြသည်။ ထို့ကြောင့်ဤကထိန်ပွဲတော်ကြီးသည် ရပ်ဝေးရပ်နီးမှတပည့်ဒကာ ဒကာမအပေါင်း အလှူ့ရှင်အလှူ့မ
အပေါင်းစုံညီသောပွဲတော်တစ်ခုလည်းဖြစ်သည်။                                                                                       
          နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်သော ဤကထိန်ပွဲတော်ကြီးသည် ရွာမကျောင်းတိုက်ကြီး၏ သမိုင်းမှတ်တိုင်တစ်ခု သဖွယ်ထင်ရှားလျက်ရှိကြောင်း စီစဉ်တင်ပြလိုက်ရပါသည်။  
 ကထိန်ပွဲတော်လာပရိသတ်များအား ဆိုင်းဝိုင်းများဖြင့်ဧည့်ခံနေပုံ။

ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းနေကြပုံများ။
လှူဒါန်းမှု့အစုစုကိုရေစက်သွန်းချအမျှအတမ်းပေးဝေနေပုံ။


ကထိန်ဖြစ်ပေါ်လာပုံ
ကထိန်ကို သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတော်၌မြတ်စွာဘုရားသီတင်းသုံးတော်မူသော ကာလ၀ယ် ပညတ်တော်မူပါသည်။ ပါဝေယျကရဋ္ဌ၀ါသီ ဘဒ္ဒ၀ဂ်သခင်ညီနောင်သုံးကျိပ်တို့ ကို အကြောင်းပြု၍ ခွင့်ပြုခဲ့ပါသည်။ ဘဒ္ဒ၀ဂ်သခင် အရှင်တစုတို့သည် သဗ္ဗညုဘုရားရှင်ကိုဖူးမြင်ခြင်းငှါ         
ပါဝါမြို့မှသာဝတ္တိမြို့သို့အလာတွင်ဝါလနီးသောကြောင့် သာဝတ္ထိပြည်ကြီးသို့ မရောက်နိုင်ကြ၍ သာကေတမြို့တွင် ၀ါဆိုပြီး ၀ါကျွတ်သော်ဇေတ၀န်ကျောင်းအသွားမိုးမိ၍ရွှံ့နှစ် ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့်ပင်ပန်းသောသဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။ ကထိန်သည်သီိတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း ခင်းအပ်သောကာလဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ ထိုက်ပါသည်။ သံဃာသည် ကထိန်၏မူလမည်ပါသည်။
ကထိန်ခင်းလှူသဖြင့် ရရှိသောအကျိုးတရားငါးပါးကို ပျက်စီးမသွားစေရန်
ခိုင်ခန့်စေတတ်သောကြောင့် ကထိန် ဟုခေါ်သည်။
ဘုရားစသော သူတော်ကောင်းအပေါင်းတို့က လေးစားကြည်ဖြူ
ချီးမွမ်းတော်မူကြသောကြောင့်လည်း ကထိန် ဟုခေါ်သည်။
အလှူမှာ ကထိန်၊ ဆွမ်းမှာပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ်ဟူ၍
ရှေးဆရာမြတ်တို့၏ တန်ဖိုးရှိလှသော စကားစဉ်ကို ဗုဒ္ဓဘာသာဝင်တိုင်း
ကြားဖူးနေကြဖြစ်သည်။

ထူးမြတ်ပါပေ့ ကထိန်အကျိုး
ကထိန်နှင့်ပတ်သတ်၍ ပကိဏ္ဏကကျမ်းမှာ­
အဆင်တန်ဆာအပြည့်အစုံနှင့်ဆင်ယာဉ်ရာချီ၍လှူသည့်အလှူ၊ မြင်းယာဉ်ရာချီ၍
လှူသည့်အလှူ၊ အဿတိုရ်အာဇာနည်မြင်းယာဉ် ရာချီ၍ပေးလှူသည့်အလှူ၊  

(ယခုခေတ်အရ အဆင့်အတန်းအမြင့်ဆုံး ကားယာဉ်စသည့်
ယာဉ်မျိုးစုံရာချီ၍လှူသည့်အလှူ) ၊ ဝတ်စားတန်ဆာရတနာအပြည့်အစုံ
ဆင်မြန်းထားသည့်မိန်းမပျိုရာချီ၍ လှူသည့် အလှူများသည်
ကထိန်ခင်းလှူ၍ရရှိသော ကုသိုလ်အကျိုးကို ၂၅၆ စိတ် စိပ်၍
တစ်စိတ်ကလေးကုသိုလ်ကိုမျှ မမှီနိုင်ဟု ရေးသားထားသည်။
ရတနာခုနှစ်ပါးတို့နှင့် အပြည့်အစုံစီခြယ်ထားသောရတနာပလ္လင်တော်ပေါင်း
၈သောင်း ၄ ထောင်နှင့်အတူ စုလစ်မွန်းချွန်အထွဋ်
တပ်လျှက်အဆင့်အတန်းအမြင့်ဆုံး ကျောင်းတော်များဆောက်လုပ်ကာ ဤ
ပထဗျာမြေပြင်မှနေ၍
အမြင့်ဆုံးဘုံဖြစ်သည့်အကနိဋ္ဌဗြဟ္မာနိုင်ငံတော်အထိ
ပြည့်နေအောင်ရှစ်သောင်းလေးထောင်မျှ အရေအတွက်ရှိကျောင်းတော်ကြီးများ
ဆောက်လုပ်လှူဒါန်းသည့်အလှူ၊ ထိုကျောင်းတော်ကြီးများထဲတွင် သင်္ကန်းသပိတ်
ပရိက္ခရာ ၈ပါး အပြည့်အစုံထည့်လှူသည့်အလှူ၊ ရတနာ ၇ပါးကိုစုပုံပြီး
ထိုအမြင့်ဆုံး နိုင်ငံတော်အထိမြင့်မားလောက်အောင် လှူသည့်အလှူများ သည်
ကထိန်တစ်ကြိမ်ခင်းလှူသည့်အလှူကို၂၅၆စိတ် စိပ်၍ရရှိသည့်
ကုသိုလ်တစိတ်ကလေးမျှကို မမှီနိုင်သေးကြောင်းဖော်ပြသည်။

အလှူမှာ ကထိန် …
အလှူမှာ ကထိန်အလှူဟာ အမြတ်ဆုံးဟူ၍ သတ်မှတ်မိန့် ကြားတော်မူကြသည်မှာ
အကြောင်းရှိသည်။
ဘာကြောင့်ကထိန်မြတ်သလဲ၊ ဒီမေးခွန်းနှင့်ပတ်သက်၍ စာရေးသူကိုယ်တိုင်
မှတ်ရလွယ်အောင် ကဗျာတစ်ပုဒ် စီကုံးထားပါသည်။

သံဃိကမို့ လှူကျိုးမြတ်သည်၊
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
ကာလဒါန လှူရမြတ်သည်၊
မိုးပေါ်ကျ ဒါနထူးမြတ်သည်။


သံဃိကမို့ လှူကျိုးမြတ်သည်။
ကထိန်အလှူဒါနသည် သင်္ကန်းအလှူဖြစ်သည်၊ ဒါယိကာ ဒါယိကာမ
များလှူဒါန်းကြသည့် သင်္ကန်းအများစုထဲမှ
သင်္ကန်းတစ်ထည် ဖြင့်သာ ကထိန်ခင်းလှူရပါသည်။ သံဃာတစ်ပါးအတွက် ဘုရားရှင်မှ
သင်္ကန်းသုံးထည်
အမြဲဆောင်ထားရန် ခွင့်ပြုခဲ့ပါသည်။ ပခုံးပေါ်တင်ရန် သို့မဟုတ် ခြုံလွှမ်းဝတ်ဆင်ရန်
(၁) ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်း (၂) ကိုယ်ပေါ်မှာ ဝတ်ရုံဆင်မြန်းရန် ဧကသီခေါ်
သင်္ကန်း (၃) အောက်ပိုင်းကိုယ်ဝတ်ခါးမှာ
ဆင်မြန်းဝတ်ရသည့် သင်းပိုင် အားဖြင့် သုံးထည်ဖြစ်သည်။

ထိုသုံးထည်တွင် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်းရပါသည်။ ကထိန်လှူကြမည့်
ဒါယိကာ ဒါယိကာမ များက ကထိန်အ
တွက်ရည်မှန်းသော သင်္ကန်းလှူဖွယ်ကို လှူဆဲခဏမှာ ပုဂ္ဂိုလ်သို့
စိတ်မညွတ်စေဘဲ မိမိကထိန်ခင်းမည့် ကျောင်းတိုက်ရှိ သံဃာအားလုံးကို
စိတ်ညွတ်စေကာ သံဃာပိုင်ဖြစ်သွားအောင် သံဃာကို ရည်မှန်း၍ ကထိန်ခင်းရန်
သင်္ကန်းကို လှူတန်းရပါမည်။
သံဃာဟူသည် ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတို့ကို ဆိုလိုပါသည်။
ပုဂ္ဂိုလ်တဦးဦး အနေဖြင့် မဟုတ်တော၊့ ခင်မင်စရာ စွဲလန်းစရာ
မဖြစ်နိုင်တော့ပါ၊ (သို့မဟုတ် ဗုဒ္ဓ ဘုရားရှင်၏
သားအားလုံးသို့ရောက်အောင် စိတ်ညွတ်ပေးထားလိုက်ပါ)၊ ထိုကဲ့သို့
စိတ်ညွတ်လှူဒါန်းနိုင်လျှင် သံဃိက ဒါနအလှူဖြစ်ပြီး၊ ထိုအလှူသည်
ဥပါဒါန် အစွဲကင်းသည့် အလှူဖြစ်၍ ထူးခြားသည့် အလှူဟု
လည်းဆိုနိုင်ပါသည်။
ကထိန်အလှူရှင်များမှာ ကထိန်အလှူသင်္ကန်းကို သံဃိကဒါန ပေးလှူရသည်၊ ပြီးမှ
သံဃိက၊ သံဃာပိုင် ရလိုက်ပြီးဖြစ်သော ထိုသင်္ကန်းကို
ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတော်များက ဝိနည်းတော်နှင့်အညီ အဆင်းရဲဆုံး၊
အနွမ်းပါးဆုံး၊ အချို့တဲ့ဆုံး သံဃာကို ရွေးချယ်စိစစ် ၍ ထိုသင်္ကန်းကို
သိမ်ထဲတွင် ကမ္မဝါစာနှင့်ရွတ်ဆို အတည်ပြုကာ သံဃာ့ဆန္ဒနှင့်အညီ
ရွေးချယ်ထားသော ရဟန်းတော်အားကထိန် သင်္ကန်းကိုပေးအပ် ရမည်။
ထိုရဟန်းသည်လည်း ကထိန်အကြောင်းနှင့်ပတ်သက်၍ နားလည်/ကျွမ်းကျင်မှု
ရှိရမည်။ ကထိန်ခံယူမည့် ရဟန်းတော်မှာ ဝါကျိုးပျက်ခြင်းမျိုးလည်းမရှိစေရ။
ထိုကထိန် သင်္ကန်းကို ရရှိပိုင်ဆိုင်သော ရဟန်းတော်က
“အရှင်ဘုရားတို့ဤအပေါ်ရုံ သင်္ကန်းဖြင့် တပည့်တော်မှ ကထိန်ခင်းပါ၏” ဟု
နှုတ်မြွတ်ရွတ်ဆိုကာ “ဝိနည်းတရားတော်နှင့်အညီ
သံဃာတော်များအား ကထိန်ခင်းပြီးပါပြီ အရှင်ဘုရား၊
ထိုကထိန်အလှူအတွက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုတော်မူကြပါ”(သာဓုခေါ်တော်မူကြပါ)
ဟူ၍လျှောက်ထားရမည်။ ကျန်သံဃာတော်များမှ ထိုအလှူကို ဝမ်းမြောက်ပါ၏
ဟူ၍သာဓုခေါ်သည်နှင့်တပြိုင်နက်၊ အနုမောဒနာ သာဓုခေါ်သော ရဟန်းတိုင်း
နောက်ပိုင်းတွင်ဖေါ်ပြမည့် ဝိနည်းကံမှ(၅)လ လုံးလုံး
ကင်းလွတ်ခွင့်ရရှိကြသည်။

ကထိန်အလှူမွန်မြတ်ရခြင်းသည်ထိုကဲ့သို့ထူးခြား၍ သံဃာတော်များအားလာဘ်လာဘ
ဖြစ်ထွန်းကာ ချမ်းသာစေခြင်းကြောင့် မွန်မြတ်ရခြင်းဖြစ်ပါသည်။

သာသနာတော်တွင် မည်သည့်ဒါနမျိုးမှ ရှင်တော်ဗုဒ္ဓ ပညတ်ထားသော
သိက္ခာပုဒ်တော်ကို လျော့ပါး၍မရစေနိုင်ပါ၊ဤ
‘ကထိန်’ အလှူတစ်ခုကသာလျှင် အောက်၌ဖေါ်ပြမည့် ဝိနည်းသိက္ခာပုဒ်(၅)
မျိုးကို (၅)လအထိကျင့်သုံးစရာမလိုအပ်ပဲ
ကင်းလွတ်ခွင့်ရ ရှိပေသည်။
(၁) ရဟန်းတစ်ပါးသည် နေ့လည်နေ့ခင်းမြို့ထဲရွာထဲ ကြွချင်လျှင်
ကျောင်းတိုက်ရှိ ဆရာတော်(သို့မဟုတ်)ထင်ရှားရှိနေသည့်ရဟန်း
တော်တစ်ပါးပါးကို လျှောက်ထားပြီးမှ ကြွ၍ရသည်၊ မပန်ကြားပဲကြွပါက
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၂) ရဟန်းတော်များမှာ နှစ်ထပ်သင်္ကန်း(ဒုကုဋ်) ကိုသွားရာတိုင်း
ယူဆောင်၍သွားရသည်၊ ယူဆောင်မသွားပါက ထိုသင်္ကန်းနှင့် နှစ်ရက်
သုံးရက်လောက် ကင်းကွာနေသော အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ
ကင်းလွတ်ခွင့်ရခြင်း။
(၃) ရဟန်းတော်တစ်ပါးကို ဒါယိကာ ဒါယိကာမ တစ်ဦးဦးက
ဆွမ်းစားမပင့်တတ်၍ တပည့်တော်တို့အိမ်ကို ထမင်းစားကြွပါဟု ပင့်သည်ကို
ဘုဉ်းပေးမိလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၄) ရဟန်းတစ်ပါးတွင်ရရှိလာသော မိမိပစ္စည်းကို (၁၀)ရက် အတွင်း
သတ်သတ်မှတ်မှတ် ရွတ်ဆိုစီစဉ်ထားခြင်းကို အဓိဋ္ဌာန်
ဝိကပ္ပနာပြုသည်ဟုခေါ်သည်။ ထိုကဲ့သို့ မစီစဉ်ထားပါက ၁၀ရက်ကျော်သည်နှင့်
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၅) ဒါယိကာ ဒါယိကာမ တစ်ဦးဦးက ကျောင်းတိုက်သို့ ပစ္စည်းတစ်ခုခုကို သံဃိက
လာလှူခဲ့လျှင်ဧည့်သည်အာဂန္တုရောက်နေပါ ကဧည့်သည်အပါအဝင် ဝေစုကိုပေးရမည်၊
မပေးလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
ရဟန်းတော်များမှာ ဖေါ်ပြခဲ့သည့် အကျိုးတရားငါးမျိုးကို
ကထိန်အာနိသင်ရရှိသော အချိန်မှတပေါင်းလပြည့်နေ့အထိ
အပြစ် မသင့်ပဲ ခံစားခွင့်ရရှိသောကြောင့် ကထိန်အလှူသည် မွန်မြတ်လှပေသည်။
ရဟန်းတော်များမှာအကျိုးငါးပါးရရှိသကဲ့သို့
ကထိန်အလှူရှင်များမှာလည်းအကျိုးတရားငါးပါးကိုရရှိနိုင်ကြောင်း
ဆရာ့ဆရာ မထေရ်ကြီးများမှမိန့်ကြားတော်မူခဲ့ကြသည်။

ကထိန်လှူရမြတ်ဖလ မှတ်ကြပါလေ ငါးမျိုးပေ
(က) မပန်မကြား၊မခစား လာသွားနိုင်ပေ၊ ရပ်ထွေထွေ။
(ခ) ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျှက်ပေ၊ ရန်ကင်းချေ။
(ဂ) ဝတ်စားဖုံဖုံ၊လွန်ပြည့်စုံ၊ကုံလုံကျက်သရေ၊လက်လက်ဝေ။
(ဃ)မိစ္ဆာအပင်း၊ရန်မျိုးကင်း၊ရှင်းရှင်းလွတ်ပေ၊ရန်မျိုးတွေ။
(င) စည်းစိမ်ဖြိုင်ဖြိုင်၊လွန်ကြံ့ခိုင်၊စိုးပိုင်လှပေ၊တင့်ဖြိုးဝေ။
( ဤကဗျာကို အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးရေးသည်ဟုမှတ်သားမိပါသည်။)

ကထိန်အလှူ ရှင်များသည်ဖြစ်လေရာဘဝတိုင်း၌…
(က) ဖြစ်လေရာပတ်ဝန်းကျင်တွင် ဇနီးသည်က ခင်ပွန်းသည်ကို၊ ခင်ပွန်းသည်က
ဇနီးသည်ကို၊ သားသမီးများက မိဘကို ကြောက်ရွံ့  စရာမလိုပဲ
မိမိတို့သွားလိုရာသို့ ချုပ်ချယ်ခြင်းကင်းစွာဖြင့်
လွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ခြင်း။
(ခ) မိမိပိုင်ပစ္စည်းကို ရန်သူမျိုးငါးပါးက မဖျက်ဆီးနိုင်ခြင်း၊
မေ့ကျန်ခဲ့သောပစ္စည်းနှင့် ပျောက်ဆုံးသွားသည့် ပစ္စည်းများကိုလည်း
အလွယ်တကူပြန်လည်ရရှိနိုင်ခြင်း။
(ဂ) အဝတ်အစားနှင့်ပတ်သက်၍ မမွေးခင်ကပင် လက်ဆောင်တပုံတပင်
ကြိုတင်ရရှိနေခြင်း၊ ခေတ်ပေါ်အကောင်းဆုံး
အဝတ်အထည်များကိုလည်း လိုသည်ထက်ပိုလွန်အောင်ရရှိခြင်း။
(ဃ) မလိုလားသူများမှပြုစား၍မရနိုင်ခြင်း၊ အစားအစာအဆိပ်အတောက်မဖြစ်နိုင်ခြင်း။
(င) ဖြစ်လေရာဘဝတွင် ဓနငွေကြေး၊အသုံးအဆောင်ပစ္စည်းဥစ္စာ ပြည့်စုံ
ပေါများကြွယ်ဝရခြင်း စသောကောင်းမြတ်သည့်
ကောင်းကျိုးများကိုရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ကာလဒါန လှူရမြတ်သည်၊
ကထိန်အလှူသည် ကာလဒါနအလှူဖြစ်၍ မွန်မြတ်သည်။ ဘုရားရှင်က ကထိန်အလှူကို
သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မှတန်ဆောင်မုန်းလပြည့်နေ့အထိ
တစ်လခွင့်ပြုသည်။ အချိန်အခါနှင့် ကန့်သတ်၍သာလှူခွင့်ရှိသော
ရှားရှားပါးပါး လှူရသော ဒါနမျိုးဖြစ်၍ ထူးမြတ်သည်။
ထိုခွင့်ပြုချက်တစ်လတွင် ကြိုက်ရာရက်တစ်ရက်၊ ထိုတစ်ရက်တွင်လည်း
တစ်ကြိမ်သာ လှူရသောဒါနထူးဖြစ်သည်။ လှူသည့်အခါတွင်လည်း
ယနေ့လှူသောကထိန်သင်္ကန်းကို ကထိန်အလှူခံ သံဃာတော်များ အနေဖြင့်
ယနေ့ပင်လျှင် ဝိနည်းကံနှင့်အညီ နေ့ချင်းပြီး ကထိန်ခင်းရသည်။
နောက်နေ့အရုဏ်ကူးသွားလျှင်ထိုသင်္ကန်းသည် ကထိန်ခင်းနိုင်ခြင်း မရှိတော့ဘဲ
ပုပ်သိုးသွားတော့သည်။ထို့ကြောင့် ကထိန်သင်္ကန်းကို မသိုးသင်္ကန်းဟူ၍လည်း
တင်စားခေါ်ဝေါ်ကြသည်။

မိုးပေါ်ကျ ဒါနထူးမြတ်သည်။
ကထိန်အလှူသည် အလွန်သန့်ရှင်းဖို့လိုအပ်ပါသည်။ ကျောင်းတိုက်ရှိ
ရဟန်းတစ်ပါးပါးက ‘ဒကာမကြီးတို့ ဦးဇင်းတို့ကျောင်း မှာဒီနှစ်
ကထိန်မရှိဘူး’ ဟု ကထိန်ရချင်၍ ကြိုတင်ကာ
ရေလာမြောင်းပေးသဘောမျိုးနှင့် ပြော၍ခင်းပေးသော ကထိန်အလှူသည်
ကထိန်မမြောက်တော့၊ ကထိန်မဟုတ်တော့ပေ။
ထိုကထိန်ကိုခံယူမည့်ကျောင်းမှ သံဃာတော်တစ်ပါးပါးက
နှုတ်မြွတ်ပြောကြားခြင်းမပါရှိပဲ မိုးပေါ်ကျ မိုးရေပေါက် မိုးရေစက်
ကဲ့သို့ အငြိအတွယ်ကင်းပြီး သဒ္ဓါ သန့်သန့်စင်စင်ဖြင့်လာလှူသော
အလှူမျိုးဖြစ်ရမည်။ ထိုကဲ့သို့ စင်ကြယ်သော အလှူဖြစ်ခြင်းကြောင့်
ကထိန်အလှူသည် မွန်မြတ်ပေသည်။
ကထိန်ဖြစ်ရန် အကြောင်းဖန်
ကထိန်ဖြစ်ပေါ်လာရသောသမိုင်းကြောင်းနောက်ခံမှာဤသို့ဖြစ်သည်….။
စိုစွတ်သည့် မိုးရာသီသုံးလအတွင်း ခရီးသွားလာခြင်းရပ်ဆိုင်း၍
ကျောင်းတိုက်ထဲတွင် ဝါဆိုဝါကပ်ကာ ပရိယတ်၊ ပဋိပတ်
သာသနာ့အလုပ် ကိုအားထုတ်တော်မူကြသည့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား
ဝါကျွတ်ပြီးသည်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားဝယ်နိုးကြားလာသည်ကား
“ကထိန်လှူမည်” ဟူ၍ဖြစ်သည်။
ထိုကထိန်အလှူ လှူဖြစ်ရန် အကြောင်းက ရှေးခတ်တုန်းက
သင်္ကန်းအလွန်ရှားပါးခဲ့ကြသော ကောသလ ဘုရင်မင်းနှင့် အဖေတူ အမေကွဲ
ညီနောင်ရဟန်းသုံးဆယ် တို့ကို အကြောင်းပြု၍ ရှင်တော်ဘုရားက ထိုအလှူကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ဘုရားရှင်သည် သာသနာပြုခရီး တစ်ထောက်ကြွချီတော်မူရင်း
ကပ္ပါသိကတောအုပ်အတွင်း ထိုညီနောင် သုံးဆယ် တို့ကို
တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
ထိုညီနောင် သုံးဆယ်တို့သည် ချစ်ဇနီးမယား ကိုယ်စီနှင့် တောအုပ်ထဲသို့
ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ သုံးဆယ်ထဲတွင် တစ်ဦးသော မင်းသားမှာ
ကိုယ်ပိုင်ဇနီးမယားမရှိ၍ အပျော်မယ်တစ်ဦးကို ငှါးရမ်းခေါ်ဆောင်လာခဲ့ခြင်းက
မင်းသားသုံးဆယ်တို့ကိုကျွတ် တမ်းခရီးဆီတို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။
မင်းသားသုံးဆယ်တို့သည် တောအုပ်အတွင်း ပျော်ပွဲကြီး ဆင်ယင်ကျင်းပရင်း
မောပန်းကာ အိပ်မောကျ ကုန်ကြသည်။ အပျော်မယ်ကတော့ မအိပ်ပျော်နိုင်ပေ။
သူမမှာ မင်းသားတို့လောက် မပြည့်စုံသည့်အတွက် အကွက်ကောင်းကို
ချောင်းကာသောက်စား ယစ်မူး၍ အိပ်ပျော်နေကြသော မင်းသားတို့၏
ကောင်းနိုးရာရာ ရတနာများကို ချွတ်ယူထွက်ပြေးလေသည်။ အိပ်ရေးဝ၍
နိုးထလာမှ အကြောင်းစုံသိရှိရပေသည်။
ထိုအမျိုးသမီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်ရန်
ဓါးလှံတဝင့်ဝင့် ရှာပုံတော်ဖွင့်ကြတော့သည်။
သို့ရာတွင် ရှာသည်က အပျော်မယ်၊ တွေ့သည်က ရှင်တော်ဗုဒ္ဓ…။
ရှင်တော်ဗုဒ္ဓကို ဝိုင်း၍ မေးကြတော့သည်၊
အရှင်ဘုရား…… ဤနေရာမှ အမျိုးသမီးတစ် ဦး ရတနာထုပ်နှင့် ပြေးသွားသည်ကို မြင်လိုက်ပါသလား….တဲ့…။
သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဖန်ခွက်ထဲတွင်ရေကို မြင်သကဲ့သို့
ကောင်းစွာမြင်နိုင်တော်မူသော ဗုဒ္ဓက၊ မင်းသားတို့ အား
မိန်းမပျောက်ကိုရှာတာနှင့် မိမိကိုယ်ကို ရှာတာ ဘယ်ဟာကအကျိုးရှိသနည်းဟု
မေးခွန်းစတင်လိုက်ရာ ပါရမီရှင် မင်းသားများအ လိုအလျောက်
ဒူးများကွေးညွတ်သွားရင်း မိမိကိုယ်တိုင်ပင် မိမိကိုယ်တွင်ရှာတာ
ကောင်းကြောင်းပြိုင်တူလျှောက်ထားမိကြသည်။
ရှင်တော်ဗုဒ္ဓ မိန့်ခွန်းတော်မြတ်သည်၊ မင်းသားတို့အတွက်
မဂ်ဖိုလ်လမ်းကို ဖြောင့်တန်းစေခဲ့သည်။ သူတို့သည်
ယခင်ဘဝများစွာသံသရာ တစ်ကွေ့က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် တုဏ္ဍိလ
ဝက်ဘဝဖြစ်ခဲ့ရသည့်တချိန် ပျော်ပွဲစားပြုလုပ်ရန် ဝက်သားလို အပ်၍
ဗုဒ္ဓအလောင်းတော်ဝက်နှင့် ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေးတို့အား
ဝက်ပိုင်ရှင် အဖွါးအိုကို အရက်တိုက် ကာရောင်းစေခဲ့သည်။
ထိုအခါ ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေး သေဘေးကိုကြောက်လှ၍
နောင်တော်အနားတွင် ငိုယိုသည်ကိုတရား
စကားပြောရင်း ထိုမင်းသားညီနောင်သုံးဆယ်တို့အားလည်း တရားသံဝေဂ
ရစေခဲ့သည့်အပြင် တစ်သက်လုံး ဒါန၊ သီလ၊ ကုသိုလ် တိုး ပွားစေခဲ့သည်။
ထိုပါရမီမျိုးစေ့တို့သည် ယ္ခုဖူးပွင့်ခွင့် ကြုံရပေပြီ။
ဗုဒ္ဓစကားသည် ဟုတ်မှန်ပေသည်။ တစ်သံသရာလုံး ကိုယ့်ခန္ဓာကို
ဥာဏ်နဲ့ရှာကြည့်ရန်ကို မရှာတတ်၊ ရှာရကောင်းမှန်းမသိ၍ သူ များကိုပဲ
ရှာဖွေခဲ့ကြသည်။ သူများကိုရှာသဖြင့် မိမိတွင် ဒုက္ခရှည်ရန်
ဖန်တီးစုဆောင်းကြသည်။အကုသိုလ် အပြစ်ကြွယ်သထက်ကြွယ်အောင်နေ့ရောညပါ၊နေ့မအားညမနား စုဆောင်းတတ်ခဲ့ကြသည်။ အကြောင်းပြည့်စုံသည်နှင့် ထိုအကြောင်းများက အကျိုးတရားတစ်ခုစီ ထုတ်လုပ်ပေးသည်ကို အပါယ်တွင် ခါးစည်း၍ခံစားခဲ့ရသည်။ အိုဘေးတွေ အထပ်ထပ်၊ နာဘေးတွေ အဖုံဖုံ၊ သေဘေးတွေ အလောင်းချင်းထပ် မြေကြီးထု ယူဇနာချီ တိုးတက်လာအောင် အကြောင်းတွေကို အကျိုးလုပ်ပြီး ပေးဆပ်ခဲ့ရသည်မှာ ဆိုတာမသိတော့လောက်အောင်ဖြစ်ခဲ့ပြီ။
မိမိကိုယ်ထဲ ဥာဏ်နဲ့ရှာကြည်တော့မှ ငါမတွေ့ သူမတွေ့ပဲဖေါက်ပြန်ပြောင်းလွဲနေသည့် ရုပ်၊လက်သင့်ခံစားနေရသည့်ဝေဒနာ၊ အမှတ်အသားပြုပေးနေရသည့် သညာ၊မှတ်နှိုင်ဖို့ခံစားနှိုင်ဖို့ သိနှိုင်ဖို့ အမြဲတမ်းတွန်းအားပေး နေရသည့် သင်္ခါရ၊မသိပဲနေ၍မရ သိပေးနေရသည့် စိတ် အပေါင်းအစုကိုသာ တွေ့ရှိနေရပေသည်။
တရားနှင့်ကြည့်ရင်းက သူတို့၏ခန္ဓာတွင်အရှုခံ တရားလေးတွေ၏မမြဲမှုကို
ရှုဥာဏ်နှင့် ကောင်းကောင်းမြင်၊ မကြည့်ချင်တော့ လောက်အောင်
ဥာဏ်မုန်းမုန်းကာ၊ ဒုက္ခဆုံးသွားတော့မှ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို
ဥာဏ်အမြင်နှင့် မြင်တွေ့ သွားကြပေလိမ့်မည်။
နိဗ္ဗာန်ကိုမြင်ရမှ ဒုက္ခဖြစ်ကြောရှည်အဖြစ်မှ
လွတ်မြောက်ကြောင်းကိုသဘောပေါက်ကြလိမ့်မည်။
ပါရမီရှင် မင်းသားသုံးဆယ်တို့မှာ ရှင်တော်ဗုဒ္ဓ၏ သစ္စာစကားအဆုံးမှာ
သောတာပန်အောက်မနည်း အနာဂါမ်ထက်မပို မင်းသားအားလုံးသည်ပင် အရိယာစင်စစ် ဧကန်ဖြစ်သွားကြတော့သည်။ ရဟန်းပြုပေးရန်တောင်းပန်မှုကြောင့် ‘ဧဟိဘိက္ခု’
ရဟန်းတော်များဖြစ်ခဲ့ကြရသည်။ ရဟန်းဖြစ်ဖို့ရန် ပင်ပန်းခြင်းမရှိသည်မှာ
အတိတ်ဘဝ တစ်ချိန်ချိန်က သင်္ကန်းသပိတ်လှူခဲ့သော ပါရမီကုသိုလ်မျိုးစေ့
စိုက်ခဲ့မှုကြောင့်ဖြစ်၏။ ထိုကဲ့သို့ ကုသိုလ်မျိုးမရှိပါက သပိတ်သင်္ကန်း
မပြည့်မချင်း လိုက်ရှာနေရပေအုံးမည်။ ယ္ခုတော့ ရှင်တော်ဗုဒ္ဓက
လူဝတ်ကြောင်ဖြစ်သောထိုသူတို့ကို ‘ဧဟိဘိက္ခု’ ‘ချစ်သားရဟန်း လာခဲ့လော့’
ဟုခေါ်လိုက်သည်နှင့် လူ့အသွင်ပျောက်ကာ အားလုံးသပိတ်လွယ်ပြီးသား င်္ကန်းဝတ် ရုံပြီးသားအဆင်သင့်ရဟန်းတော်များဖြစ်ခဲ့ကြသည်။ ထိုမင်းသားသုံးဆယ်တို့အရိယာဖြစ်သွားပြီးနောက်သာသနာမှာခိုင်မာစွာရပ် တည်နေနိုင်ပြီဟုသိရှိတော်မူပြီးသောရှင်တော်ဗုဒ္ဓသည်သာသနာပြုခရီးဆက်လက်ကြွ ချီတော်မူခဲ့တော့သည်။ထိုရဟန်းတော်မြတ်အသစ်စက်စက်သုံးဆယ်တို့ သည်အရိယာအဖြစ်နှင့်တစ်ကြိမ်မျှသာ ဖူးခွင့်ရလိုက်သည့် ဗုဒ္ဓရုပ်ပုံတော်၊
တစ်ကြိမ်မျှသာ နာကြားခွင့်ရလိုက်သော ချိုမြိန်ကောင်းမြတ်လှသည့်
တရားတော်အသံတို့ကို ဆက်လက်ဖူးမြှော်လို၊ နာကြားလိုသောသဒ္ဓါ
ဆန္ဒပြင်းပြစွာနှင့် ရှင်တော်ဗုဒ္ဓရှိရာဆီမှန်းပြီး ခရီးလှမ်းရင်း
သာဝတ္တိမြို့မှ ဇေတဝန်ကျောင်းတော် မရောက်မှီသာကေတမြို့မှာ
ဝါဆိုဝါကပ်တော်မူခဲ့ကြသည်။
သာဝတ္တိနှင့် သာကေတမြို့မှာ ၆­ ယူဇနာ ဝေးကွာသည်။
နို့စို့ကလေးအမေနှင့်ခွဲနေရသကဲ့သို့ တရားနို့ ဆာလောင်စွာနှင့် ဝါဆိုဝါကပ်နေခဲ့ ရပေသည်။ ဝါကျွတ်သည်နှင့်ခရီးဆက်ခဲ့ကြသည်။
မိုးကမပြတ်တတ်သေး၊ရွံ့နွံ့စေးပေါများ၊လျှိုမြောင်တောင်ကြား
စမ်းအိုင်များကို ဖြတ်ကျော် လာခဲ့ကြရသော နုနယ်သော မင်းသားတဖြစ်လဲ
ရဟန်းတော်များမှာ အလွန်ပင်ပန်းကာ သင်္ကန်းများလည်း မိုးရေစိုရွှဲ၍
လဲစရာနတ္ထိ သနားစရာအတိနှင့် ရှင်တော်ဗုဒ္ဓရှေ့တော်မှာ ပြားပြားမှောက်ကာ
ဝပ်ချဖူးမြှော်နေကြသည်ကို ဧည့်ဝတ်စကားမိန့်ချွေကြားရင်း အတိုင်းမသိ
သနားခြင်းရှိသော ရှင်တော်ဗုဒ္ဓသည် ထိုမင်းသားသုံးဆယ်တို့ကိုအကြောင်းပြုကာ
သာသနာတော်အတွက်အရှည်ကိုရည်မြှော်လျှက် ဤထူးခြားသည့်ကထိန်အလှူတော်ကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ထို့ကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းသည် သာသနာတော်နှင့်ကြုံခိုက်
အလှူမျိုးစုံကို လှူဖူးစေရန် ကြိုးစားသင့်သည်ဖြစ်သလို၊ ဤထူးခြားလှ သည့်
ကထိန်အလှူကိုလည်း ရှင်တော်ဗုဒ္ဓ ခွင့်ပြုတော်မူခဲ့သည့်
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ ခဝဲပန်းတို့လှိုင်လှိုင်ပွင့်သည့်
တန်ဆောင်မုန်းလပြည့်နေ့ အထိတစ်လအတွင်း မိမိကထိန်ခင်းလိုသော
ရက်ကိုရွေးချယ်၍ ဒုက္ခခပ်သိမ်းကင်းလွတ်ရာ
မသေပန်းတို့လှိုင်လှိုင်ပွင့်နေသည့် သန္တိဓာတ်နိဗ္ဗာန်ကို
ရည်မှန်းတောင့်တပြီး လှူဒါန်းနိုင်ကြပါစေ ဟု ဆန္ဒပြုရင်း ဤကထိန်အကျိုး
ဆောင်းပါးကို ရေးသား ပူဇော်လိုက်ရပေသည်။
အလှူမျိုးစုံ၊ ကောင်းမှုထုံ၊ အကုန်ရရှိကြပါစေ။
နိဗ္ဗာန်စခန်း၊ ရည်မျှော်မှန်း၊ လှူဒါန်းတတ်ပါစေ။
အသေလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ ဥာဏ်လင်းပေါက်ပါစေ။
မေတ္တာဖြင့် …. သစ္စာပါရမီ အရှင်ဇယတိဿ (စင်္ကာပူ)
(အဖြူရောင်သံစဉ်ဆိုဒ်မှ ကူးယူပါသည်။ )

ကထိန်ခင်းရန် ကိစ္စ ၈-ပါး

1. ကထိန်သင်္ကန်းကို အလှူခံမှု၊
2. ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
3. ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
4. တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
5. ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
6. သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊
7. နှုတ်မြွက်၍ ခင်းမှု၊
8. အနုမောဒနာပြုမှု။

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး

(၄င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာကထိန်ခင်းထိုက်သည် ဆို၏။)

1. ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
2. ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
3. အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
4. အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
5. မာတိကံ- မာတိကာကို သိထားရခြင်း၊
6. ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
7. ဥဒ္ဓါရံကထိန်နှုတ်ပုံကိုသိထားရခြင်း၊
8. အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။

ကထိန်အာနိသင် ၅-ပါး

(ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။)

1. အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊
2. အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊
3. ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊
4. ဂဏဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသောဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
5. ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသောသင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း [1]

သင်္ကန်းသုံးမျိုး
(ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။)

1. သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး
2. ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ
3. အန္တရ ဝါသကောခါးဝတ်ခေါ် သင်းပိုင် 



ကထိန်မြောက်သော သင်္ကန်းများ

* အဟတေန အတ္တတံ ဟောတိ ကထိနံ

သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

* အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဘယ်သင်္ကန်း ၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

* အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

* အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ

မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

* အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

* အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း ၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

* ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင်ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။



ကထိန် မမြောက်သော သင်္ကန်းများ

* န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ

နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။

* န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။

* န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

* န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ

ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

* န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

* န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

* န အညတြ ပဉ္စကေန အတိရေကပဉ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။



ကထိန်သင်္ကန်းအား ညတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ကထိန် ညတ်သင်္ကန်းဆိုသည်မှာ..

ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ညတ္တိဒုတိယ ကမ္မ၀ါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ညတ်သင်္ကန်းကြီးဟု ခေါ်ကြပါသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ညတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်း လှူဒါန်း နိုင်ပါသည်။
ကိုးကား

1. ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက
2. (မဟာဝဂ္ဂပါဠိတော် ၊ စာမျက်နှာ ၃၅၃)
3. (မဟာဝဂ္ဂပါဠိတော် ၊ စာမျက်နှာ ၃၅၃)
4.(တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-၀ဂ်၊ အတွဲ-၅၊ ၁၉၉။)

                                               

No comments:

Post a Comment